Wednesday, December 1, 2021

ချင်းအမျိုးသားတပ်ဉီးအကြောင်း

နိဒါန်း

ချင်းလူမျိုးတို့သည် မွန်ဂိုလွိုက်အနွယ်ဝင်များဖြစ်ကြပြီး တရုတ်ပြည်အလယ်ပိုင်းမှ ဆင်းသက်လာကြသူများ ဖြစ်ကြသည်။ တရုတ် ပြည်အလယ်ပိုင်းမှ တောင်ပိုင်းသို့ တဖြည်းဖြည်းဆင်းလာကြပြီး အေဒီ (၉) ရာစု မတိုင်မှီအချိန်တွင် ချင်းတွင်းနှင့် ဧရာဝတီမြစ်ဆုံဒေသ သို့ ရောက်ရှိအခြေချနေထိုင်လာခဲ့ကြသည်။ အေဒီ (၁ဝဝဝ) ပတ်ဝန်းကျင်ခန့်တွင် ချင်းလဲန်သို့ စတင်ဝင်ရောက်အခြေချ နေထိုင်လာ ခဲ့ကြသည်ဟု ခန့်မှန်းရသည်။ ရှေးပဝေသဏီကတည်းက မည်သည့် တိုင်းတပါးလက်အောက်တွင်မျှ မကျရောက်ခဲ့ပဲ မိမိတို့ မျိုးနွယ်စု အလိုက် အကြီးအကဲအုပ်ချုပ်မှုစနစ်ဖြင့် လွတ်လွတ်လပ်လပ် အုပ်ချုပ်ခဲ့ကြသည်။ ချင်းလူမျိုးတို့သည် တိဗက်တို-ဘားမား (Tibeto-Burman) စကားပြော အုပ်စုများဖြစ်ကြပြီး ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် စာပေရှိခဲ့ကြသည့်အပြင် နေထိုင်ရန် ရေမြေ၊ နယ်နိမိတ် အထင်အရှားရှိခဲ့ကြသည့် သီးခြားလွတ်လပ်သော အမျိုးသားလူမျိုးများ ဖြစ်ကြသည်။ (၁၉) ရာစုအတွင်း ဗြိတိသျှတို့က ကျုးကျော် တိုက်ခိုက်ရာမှ ၁၈၉၆ ခုနှစ်တွင် ချင်းလဲန်တခုလုံး ဗြိတိသျှလက်အောက်သို့ ကျရောက်သည်ဟု တရားဝင် ကြေညာခဲ့သော်လည်း အချို့ ချင်းလဲန်နယ်မြေကို ဝင်ရောက်သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ပေ။ ၂ဝ ရာစု အစောပိုင်းကာလရောက်မှသာ ချင်းလဲန်တခုလုံး ဗြိတိသျှ လက်အောက်သို့ ကျရောက်သွားခဲ့သည်။

ဗြိတိသျှသည် ချင်းလဲန်အား ဗြိတိသျှ – အိန္ဒိယ (British-India) ၏ အစိတ်အပိုင်းအဖြစ် အုပ်ချုပ်ခဲ့ရာ ၁၉၃၇ ခုနှစ်တွင် ဘားမား အက်ဥပဒေ (Burma Act) အရ ဗမာပြည်အား ဗြိတိသျှ – အိန္ဒိယမှ ခွဲထုတ်လိုက်သောအခါ ချင်းလဲန်သည် ချင်းအမျိုးသားများ၏ ဆန္ဒ မပါဘဲ နှစ်ပိုင်းသို့ ခွဲခြားခြင်းခံခဲ့ရသည်။ အနောက်ဖက်ဒေသအား ဗြိတိသျှ-အိန္ဒိယ အုပ်ချုပ်မှုအောက်တွင် ဆက်လက် တည်ရှိစေခဲ့ပြီး အရှေ့ဖက်ဒေသသည် ဗြိတိသျှ-ဘားမား (British-Burma) အုပ်ချုပ်မှုအောက်သို့ ကျရောက်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ဗြိတိသျှ-အိန္ဒိယ လွတ်လပ်ရေး ရရှိလာသောအခါ ပါကစ္စတန် နှင့် အိန္ဒိယနိုင်ငံ ဟူ၍ နှစ်ခြမ်းကွဲသွားခဲ့ကြရာ အနောက်ဖက်ဒေသ ချင်းလဲန်သည် ၄င်းတို့ ၏ ဆန္ဒမပါဘဲ နှစ်ပိုင်းသို့ ပြန်လည် ဖဲ့ထုတ်ခြင်း ခံခဲ့ရသည်။ တပိုင်းသည် အရှေ့ပါကစ္စတန် (ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံ) လက်အောက်သို့ ကျရောက်သွားပြီး ကျန်တပိုင်းသည်   အိန္ဒိယလက်အောက်သို့ ကျရောက်သွားခဲ့ရသည်။

၂ဝ ရာစု အစောပိုင်းကာလတွင် ဗမာပြည်၌ မျိုးချစ်လူငယ်များမှ ဒို့ဗမာအစည်းအရုံးဖွဲ့စည်း၍ အမျိုးသားလှုပ်ရှားမှုများ  ပြုလုပ်လာကြ သကဲ့သို့ ချင်းပြည်တွင်လည်း ချင်းမျိုးချစ်လူငယ်များသည် ချင်းအမျိုးသားသမဂ္ဂ (Chin National Union) ဖွဲ့စည်း၍ အမျိုးသား လှုပ်ရှားမှု သီးခြားပြုလုပ်ခဲ့ကြသည်။ ၁၉၃၃ ခုနှစ်တွင် ချင်းအမျိုးသားသမဂ္ဂသည် ရန်ကုန်ရှိ ဗြိတိသျှအစိုးရထံသို့ ချင်းပြည်အား လွတ်လပ်ရေးပေးရန် တောင်းဆိုမှု ပြုလုပ်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ထိုသို့တောင်းဆိုမှု ပြုလုပ်ကြသည့် ချင်းလူငယ်များအား ဖမ်းဆီး အကျဉ်းချခဲ့ကြသည်။ ၁၉၄၅ ခုနှစ် ဗြိတိသျှနိုင်ငံ ရွေးကောက်ပွဲတွင် လေဘာပါတီခေါင်းဆောင် အက်တလီ အနိုင်ရရှိပြီး ဝန်ကြီးချုပ် ဖြစ်လာသောအခါ ကိုလိုနီနိုင်ငံများ လွတ်လပ်ရေးပေးရေးသည် ဧကန်အမှန် သေချာသော ကိစ္စတခု ဖြစ်လာခဲ့သည်။ ထို့ကြောင့် အောင်ဆန်း-အက်တလီ ဆွေးနွေးပွဲတွင် ချင်း၊ ကချင် နှင့် ရှမ်းလူမျိုးများ ကိုလိုနီခေတ်မတိုင်မီ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုများကို လေးစားအသိအမှတ်ပြုသည့်အပြင် ထိုလူမျိုးများ၏ သီးခြားလွတ်လပ်ရေး ရယူခွင့်၊ သီးခြား  အမျိုးသား နိုင်ငံတော် များထူထောင်ခွင့်နှင့် ထိုလူမျိုးတို့၏ ကိုယ့်ကြမ္မာကိုယ် လွတ်လပ်စွာ ဖန်တီးခွင့်တို့ကို အသိအမှတ်ပြုခဲ့ကြသည်။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ (၆-၇) ရက်နေ့များတွင် ရှမ်းပြည် ပင်လုံမြို့၌ ရှမ်း၊ ကချင်၊ ချင်း ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြပြီး အဆင့်အတန်းတူ၊ အခွင့်အလမ်းတူ၊ ရပိုင်ခွင့်တူ၊ ဒီမိုကရေစီနည်းကျကျ ခံစားခွင့်များ နှင့် ပြည်ထောင်စုမှ ခွဲထွက်လိုလျှင် ခွဲထွက်နိုင်ခွင့်ရှိမည်ဆိုလျှင်  ဗမာ၊ ရှမ်း၊ ကချင်၊ ချင်းတို့ အတူတကွပူးပေါင်း၍ တိုင်းပြည်ထူထောင်ရန် သဘောတူညီခဲ့ကြသည်။ ယင်းသဘောတူညီချက်ကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာကိုယ်စားလှယ်အဖွဲ့ကလည်း လက်ခံသဘောတူညီခဲ့သဖြင့် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးကာ ကမ္ဘာ့အလယ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ပေါ်ထွန်းလာခဲ့သည်။

ပင်လုံစာချုပ်အရ တိုင်းရင်းသားအချင်းချင်းအကြား နိုင်ငံရေးနှင့် လူမျိုးရေးအရ အဆင့်အတန်းတူ၊ အခွင့်အလမ်းတူ၊ ရပိုင်ခွင့်တူဟူ သော အာမခံချက်ဖြင့် ပြည်ထောင်စုကိုတည်ဆောက်ရန် ရည်ရွယ်ခဲ့သော်လည်း ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေအရ ပြည်ထောင်စု တည်ထောင်လာသောအခါ လူဦးရေအရအများစုဖြစ်သော ဗမာအမျိုးသားများက လွှတ်တော်နှစ်ခုတွင် ကြီးစိုးထားခြင်း၊ ဗမာပြည်နယ် သီးသန့်ဖွဲ့စည်းမှု မရှိခြင်း၊ ဗဟိုအစိုးရအာဏာနှင့် ပြည်နယ်အစိုးရအာဏာ ခွဲဝေ ပေးမှု မရှိခြင်း၊ ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံ မရှိခြင်း၊ ရန်ကုန်အစိုးရသည် ဗဟိုအစိုးရဖြစ်သွားပြီး ပြည်နယ်ပြည်မဟု ခွဲခြားကာ အချုပ်အခြာအားလုံးကို ရန်ကုန်အစိုးရက ချုပ်ကိုင်ထားခြင်းစသည်ဖြင့် ပင်လုံစာချုပ်၏ အနှစ်သာရဖြစ်သော ဖက်ဒရယ်ပြည်ထောင်စု မဟုတ်တော့ဘဲ တပြည်ထောင်စနစ် ဖွဲ့စည်းပုံဖြင့်သာ အုပ်ချုပ်ခဲ့သည်။ ထို့ကြောင့် လူမျိုးရေး၊ နိုင်ငံရေးအရ မညီမျှမှု၊ အဆင့်အတန်း ခွဲခြားမှု ရှိခဲ့သည့်အပြင် ဘိုးဘွားအမွေအနှှစ် ချင်းလဲန်အချို့ကိုပင် ဗမာပြည်မ အစိတ်အပိုင်းအဖြစ်သို့ ခွဲဖဲ့ခြင်း ခံခဲ့ရသည်။  ချင်း အမျိုးသားညီအစ်ကိုမောင်နှမများအကြား အုပ်ချုပ်ရေးအရ ခွဲခြားအုပ်ချုပ်ခြင်း ခံခဲ့ရပြန်သည်။ ဤသို့သော အခြေအနေများကြောင့် တိုင်းရင်းသားအချင်းချင်းအကြား ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့ရသည်။ ထို့ကြောင့် ပြည်ထောင်စုအတွင်း အဓိက နိုင်ငံရေးပြဿနာဖြစ်သည့်  ပြည်ထောင်စုစစ်စစ် ပေါ်ထွန်းလာရေးအတွက် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ရှမ်း၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ချင်း စသည့် တိုင်းရင်းသားများသည် ၁၉၆၁ ခုနှစ်၊ ဇွန်လ (၈-၁၆) ရက် နေ့အထိ တွေ့ဆုံကြကာ ပြည်နယ်ပေါင်းစုံညီလာခံ ကျင်းပခဲ့ကြသည်။ ဤသို့ ပြည်ထောင်စုအတွင်း ငြိမ်းချမ်းရေး၊ တရားမျှတမှု ရရှိရေးအတွက် ပြည်ထောင်စုစစ်စစ် တည်ထောင်ရန် ကြိုးပမ်းမှုအား ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော ဗမာ့တပ်မတော်သည် ပြည်ထောင်စု ပြိုကွဲမည့်အရေးမှ ကယ်တင်ရန်ဟု အကြောင်းပြကာ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် ပြည်သူ့အစိုးရထံမှ နိုင်ငံတော်အာဏာကို စစ်အင်အားသုံးကာ တော်လှန်ရေးကောင်စီအမည်ဖြင့် မတရားသိမ်းပိုက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကိုပါ ဖျက်သိမ်းခဲ့ပြီး စစ်အုပ်ချုပ်ရေးစနစ်ဖြင့် (၁၂) နှစ်လုံးလုံး အုပ်ချုပ်ခဲ့သည်။

၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ နေ့စွဲဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ တော်လှန်ရေးကောာင်စီမှ ကြေညာချက်အမှတ် (၇၄) ထုတ်ပြန်ကာ တိုင်းရင်းသားလူမျိုးအားလုံးအား ပြည်တွင်းညီညွတ်ရေး အကြံပေးချက် တောင်းခံ ခဲ့သည်။ ချင်းအမျိုးသားများအနေဖြင့် တန်းတူမှု၊ ညီမျှမှု၊ တရားမျှတမှုရှိရေးနှင့် စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် အချက်ပေါင်း (၁၅ဝ) ကျော်ပါဝင် သည့် အကြံပေးလွှာကို တင်သွင်းခဲ့သည်။ သို့သော် အကြံပေးလွှာတင်သွင်းသူဟု ယူဆရသော ချင်းအမျိုးသား (၇ဝ) ကျော်အား ဖမ်းဆီးခဲ့ပြီး ရုံးတင်အမှုဖွင့် စွဲချက်တင်ခြင်းမပြုဘဲ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ  ရေးဆွဲအတည်ပြု ပြဌါန်းပြီးသည်အထိ  ထောင်သွင်းအကျဉ်းချ နှိပ်စက်ခဲ့သည်။ အာဏာသိမ်းစစ်အုပ်စုသည် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ (တပါတီအာဏာရှင်စနစ်ကို သက်ဆိုးရှည်စေသည့် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ) ကို ချင်းပြည် သူလူထုများအား အတင်းအကြပ် ထောက်ခံစေခဲ့ပြီး ၁၉၇၄ ခုနှစ် ဇန္နဝါရီလ (၄) ရက်နေ့တွင် အတည်ပြုပြဌာန်းခဲ့သည်။ ယင်းဥပဒေ အောက်တွင် လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် ဘဝလုံခြုံမှုများ ဆိတ်သုဉ်းခဲ့ရသည်။ ၎င်းအပြင် ပြည်ထောင်စုအတွင်း ဗမာလူမျိုး ကြီးစိုးရေး၊ ဗုဒ္ဓဘာသာ ထွန်းကားရေး၊ ဗမာစာပေ၊ ဗမာယဉ်ကျေးမှုနှင့် ဗမာ ဘာသာစကား လွှမ်းမိုးရေးအတွက် အမျိုးဘာသာ သာသနာထွန်းကားရေး ကြွေးကြော်ကာ ချင်းအမျိုးသားများအပါအဝင် အခြားအမျိုးသားများ၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းနှင့် အမျိုးသားစာပေများကို စနစ်တကျ ဖျက်ဆီးပြီး လူမျိုးတိမ်ကော ပပျောက်အောင် တစိုက်မတ်မတ် လုပ်ဆောင် အကောင်အထည်ဖော် ခဲ့သည်။

စစ်အာဏာရှင်တို့သည် အမျိုး၊ ဘာသာ၊ သာသနာ ထွန်းကားရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်ခြင်းကြောင့်လည်းကောင်း၊ မိမိအာဏာတည်မြဲရေးအတွက် ဆောင်ရွက်ခြင်းကြောင့်လည်းကောင်း၊ တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးမှာ ဖိနှိပ်ချုပ်ချယ်မှု၊ ဒီမိုကရေစီဆိတ်သုဉ်းမှုနှင့် အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှုများ ကြုံတွေ့ရကာ အတောမသတ်နိုင်သော ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရသည်။ ယင်းတို့ကြောင့် နိုင်ငံတကာမျက်နှာစာတွင် တံခါးပိတ်ဝါဒကို ကျင့်သုံးပြီး မိမိကိုယ်ကို အထီးကျန်အောင် ပြုလုပ်ခဲ့သည်။ ယင်းတို့၏ အကျိုးဆက်ကြောင့်လည်းကောင်း၊ အဂတိလိုက်စားမှုဖြင့် ပြည့်နှက်နေသော ဆိုရှယ်လစ် စီးပွားရေးစနစ် ကို ထူထောင်ခြင်းကြောင့်လည်းကောင်း ၁၉၈၇ ခုနှစ်တွင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ရသည်။ ထို့ကြောင့်  ၁၉၈၈ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့တွင် လူထု အထွေထွေအုံကြွမှုကြီးတရပ် ပေါ်ပေါက်ကာ တပါတီအာဏာရှင်စနစ်  ပြုတ်ကျခဲ့သည်။ သို့သော် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့တွင် စစ်အုပ်စုမှ ဒုတိယအကြိမ် အာဏာသိမ်းခဲ့ပြန်သည်။

၁။ ချင်းအမျိုးသားတပ်ဦး ပေါ်ပေါက်လာပုံ

ချင်းအမျိုးသားတို့သည် ကိုယ့်မင်းကိုယ့်ချင်းဖြင့် အုပ်ချုပ်ခဲ့ကြရာမှ ဗြိတိသျှလက်အောက်သို့ ကျရောက်ပြီး ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့တွင် ပင်လုံစာချုပ်အရ တန်းတူညီမျှမှုရှိသော ပြည်ထောင်စုတည်ထောင်ရေးအတွက် ရည်မှန်းခဲ့ကြသည်။ သို့သော် ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပေါ်ပေါက်လာသောအခါ ယင်းဥပဒေသည် မူလရည်ရွယ်ချက်အတိုင်း ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံဥပဒေမဟုတ်ပဲ တပြည်ထောင် ဖွဲ့စည်းပုံအခြေခံဥပဒေသာ ဖြစ်ခဲ့သည်။ ထို့ကြောင့် ပြည်ထောင်စုကို လက်တွေ့ တည်ဆောက်လာသောအခါ ချင်းအမျိုးသားတို့အနေဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့် မရှိတော့သည့်အပြင် မိမိတို့ ချင်းအမျိုးသား နယ်မြေကိုပင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေအဖြစ် သတ်မှတ်ပေးမှုမရှိခြင်း၊ အခြေခံဒီမိုကရေစီအခွင့်အရေး မရှိခြင်း၊ ပြည်ထောင်စု ဥပဒေပြုရေးတွင် ညီမျှသော ကိုယ်စားလှယ်များမရှိခြင်းစသည့် ပြဿနာများနှင့် ကြုံတွေ့ရသည်။ ဤကဲ့သို့သော အခြေအနေများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန်အတွက် ဗမာမဟုတ်သော တိုင်းရင်းသားများအားလုံး ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ၁၉၆၁ ခုနှစ်၌ တွေ့ဆုံဆွေးနွေးကြပြီး ပြည်ထောင်စု အစစ်အမှန်ပေါ်ထွန်းရေးအတွက် အကြံပြုခဲ့သည်။ သို့သော် စစ်အစိုးရမှ ၎င်းအကြံပေးချက်ကို မလိုက်လျောခဲ့သည့်အပြင် မတရားဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချမှုဖြင့်သာ တုံ့ပြန်ခဲ့သည်။ ချင်းအမျိုးသားတို့သည် စစ်အစိုးရလက် အောက်တွင် မိမိတို့ အမျိုးသားအခွင့်အရေးများ ဆုံးရှုံးခဲ့သည့်အပြင် ယဉ်ကျေးမှု၊ ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာနှင့် စာပေများကိုပါ စနစ်တကျ ဖျက်ဆီးခြင်းခံခဲ့ရသည်။ ထို့ကြောင့်   မဟာလူမျိုးကြီးဝါဒနှင့်  စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး မိမိတို့၏ ဆုံးရှုံးသွားသော အမျိုးသားအခွင့်အရေးများ ပြန်လည်ရရှိရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ကဏ္ဍအသီးသီးတွင် ဖွ့ံဖြိုးတိုးတက်မှု ရရှိရေးတို့အတွက် ချင်းအမျိုးသားတပ်ဦးကို ၁၉၈၈ ခုနှစ်၊ မတ်လ (၂ဝ) ရက်နေ့တွင် ဖွဲ့စည်းပြီး စတင်တော်လှန်တိုက်ပွဲ ဝင်လာခဲ့သည်။

၂။ ရည်မှန်းချက်ပန်းတိုင်

ချင်းအမျိုးသားတပ်ဦးသည် အမျိုးသားရေးအတွက် တော်လှန်တိုက်ပွဲဝင်ရာ၌ ရည်မှန်းချက်ပန်းတိုင် အဖြစ်

(က) ချင်းအမျိုးသားတို့၏ ကိုယ်ပိုင်ပြဌါန်းခွင့် (Self-determination) ပြန်လည်ရရှိရန်။

(ခ) ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌါန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိပြီး နိုင်ငံရေးအရ တန်းတူမှုရှိသော အမျိုးသားပြည်နယ်များနှင့် ပထဝီအခြေခံပြည်နယ်မျာဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန်။

(ဂ) ဒီမိုကရေစီစနစ် တည်ဆောက်ရန် ဟူ၍ ချမှတ်သည်။

၃။ ယုံကြည်ချက်

ချင်းအမျိုးသားနှင့် ချင်းလဲန်ပြည်သူများအပေါ်၌ အုပ်ချုပ်မင်းမူ ကျွန်ပြုနေကြသော မဟာလူမျိုးကြီးဝါဒီ စစ်အာဏာရှင်များကို ချင်းအမျိုးသားနှင့် ချင်းပြည်သူများ၏ သွေးစည်းညီညွတ်မှုအင်အားဖြင့် အမြစ်ပြတ် တိုက်ထုတ်ချုပ်ငြိမ်းစေပြီး လွတ်လပ်မှု၊ တရား မျှတမှု၊ တန်းတူမှု ထွန်းကားစေကာ ကိုယ်ပိုင်ပြဌါန်းခွင့် အပြည့်အဝရှိ၍ ပြည်သူလူထုတွင် အာဏာအပြည့်အဝရှိသည့် ဒီမိုကရေစီ စနစ်ကို အခြေခံသော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်နိုင်မှသာ သာယာဝပြော၍ ငြိမ်းချမ်းတိုးတက် သော ခေတ်မီတိုင်းပြည်ကြီး ပေါ်ထွန်းနိုင်မည်ဟု စွဲမြဲစွာ ယုံကြည်သည်။

၄။ ခံယူချက်

ချင်းအမျိုးသားတပ်ဦးအနေဖြင့် လွတ်လပ်မှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုတို့သည် ချင်းအမျိုးသားနှင့် ချင်းပြည်သူလူထုတို့၏ မူလအမျိုးသားရပိုင်ခွင့် ဖြစ်သည်ဟု ခံယူထားသည်။ ၎င်းအပြင် ချင်းအမျိုးသားနှင့် ချင်းပြည်သူများ၏ စည်းလုံးညီညွတ်မှုသည် ချင်းအမျိုးသားတပ်ဦး၏ အင်အားဖြစ်သည်ဟု ခံယူထားသည်။ ယခု ဆင်နွှဲနေသော စစ်ပွဲသည် အမျိုးသားအင်္ဂါရပ်များ မတိမ်ကော မပပျောက်ရေးအတွက် အမျိုးသားခုခံရေးစစ်ပွဲနှင့် စစ်မှန်သော ငြိမ်းချမ်းမှုရရှိရေးအတွက် ဆင်နွှဲနေသော စစ်ပွဲဖြစ်သဖြင့် တရားသော စစ်ကို ဆင်နွှဲနေသည်ဟု ခံယူထားသည်။

၅။ လမ်းစဉ်

ချင်းအမျိုးသားတပ်ဦးသည် တော်လှန်တိုက်ပွဲဝင်ရာတွင် ယခုမိမိတို့နှင့် ရင်ဆိုင်နေသော ရန်သူသည် လက်နက်ကိုင် စစ်အုပ်စုများဖြစ် သည့်အလျောက် မိမိတို့၏ ရပိုင်ခွင့်အတွက် ခေတ်အဆက်ဆက် ငြိမ်းချမ်းစွာ တောင်းဆိုမှုများကို လက်နက်အားကိုး အကြမ်းဖက် သည့်နည်းဖြင့်သာ တုန့်ပြန်လေ့ရှိသဖြင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို  ရွေးချယ်ကျင့်သုံးသည်။ တဖက်တွင် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်း နည်းလမ်းကိုလည်း အမြဲလက်ခံကျင့်သုံးသည်။ စစ်အုပ်စုသည် နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းနည်းလမ်းကို ဥပေက္ခာပြုပြီး လက်နက်အားကိုးပြီး တိုင်းရင်းသားပြည်သူများ ကို မတရား အကြမ်းဖက် တိုက်ခိုက်ခဲ့ကြသည်။ ထို့ကြောင့် အမျိုးသားပြည်သူများအနေဖြင့် မိမိကိုယ်ကိုမိမိ ခုခံကာကွယ်ရန်အတွက် လက်နက်ကိုင်ရခြင်း ဖြစ်သည်။ ဤသို့ လက်နက်စွဲကိုင်ရာတွင် စစ်ဖက်ဆိုင်ရာ ဂျီနီဗာသဘောတူညီချက်ကို အခြေခံသော ချင်းအမျိုးသားတပ်ဦး၏ စစ်ဖက်ဆိုင်ရာလမ်းညွှန်ဥပဒေကို တစိုက်မတ်မတ် ကျင့်သုံးလျက်ရှိသည်။

ထို့အပြင် ချင်းအမျိုးသားတပ်ဦးသည် လူတန်းစားတရပ်၊ ဘာသာယုံကြည်ချက်တခု၊ ဒေသတစိတ်တပိုင်း၊ အယူဝါဒ တမျိုးအတွက် တိုက်ပွဲဝင်ခြင်းမဟုတ်ဘဲ ချင်းပြည်သူတရပ်လုံး ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်ခြင်းဖြစ်သည်။ ပြည်သူတရပ်လုံး ရပိုင်ခွင့်အတွက် တိုက်ပွဲ ဝင်သည်နှင့်အညီ ပြည်သူ့တော်လှန်ရေးကို အခြေခံသော လမ်းစဉ်ကို ကိုင်စွဲထားသည်။ ၎င်းအပြင် မြန်မာနိုင်ငံအတွင်း စစ်အုပ်စု ဖြတ်ချရေးနှင့် တန်းတူရေး၊ ကိုယ်ပိုင်ပြဌါန်းခွင့်ရရှိရေးအပေါ် အခြေခံသော စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီး ထူထောင်ရေးကို လိုလားသည့် မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်နှင့်မဆို နိုင်ငံရေးအရ သော်လည်းကောင်း၊ စီးပွားရေးအရ သော်လည်းကောင်း၊ စစ်ရေးအရ  သော်လည်း ကောင်း အတူလက်တွဲ ပူးပေါင်းတိုက်ပွဲဝင်သွားမည် ဖြစ်သည်။

၆။ ချင်းအမျိုးသားတပ်ဦး နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်

၁၉၈၈ ခုနှစ်၊ မတ်လတွင် ချင်းအမျိုးသားတပ်ဦးသည် ချင်းအမျိုးသားတို့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့် ပြန်လည်ရရှိရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ရေးနှင့် ဒီမိုကရေစီစနစ် ထွန်းကားရေးတို့အတွက် စတင်တိုက်ပွဲဝင်လာခဲ့သည်။ ၁၉၉၃ ခုနှစ်၊ ဇွန်လတွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် ပါတီညီလာခံဆုံးဖြတ်ချက်အရ ချင်းအမျိုးသားတပ်ဦး၏ ရည်မှန်းချက်ပန်းတိုင် ရောက်ရှိရေး အတွက် နိုင်ငံရေးအရ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို စတင်ချမှတ်ခဲ့ကြသည်။ ၁၉၉၄ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရသည် တပ်ဦးနှင့် အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးမှုများပြုလုပ်ရန် ဓမ္မဆရာများမှ တဆင့် ကမ်းလှမ်းမှု ပြုလုပ်လာခဲ့သည်။  ချင်းငြိမ်းချမ်းရေး အကျိုးတော်ဆောင်များမှတဆင့် ၁၉၉၆ ခုနှစ်၊ ၁၉၉၇ ခုနှစ်များတွင် လည်းကောင်း၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (နအဖ) စစ်အစိုးရနှင့် ၂၀၀၀ ခုနှစ်၊ ၂၀၀၃ ခုနှစ်၊ ၂၀၀၇ ခုနှစ်များ တွင်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် အကြိမ်ကြိမ် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း “လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ် မည်” ဆိုသည့် ကြိုတင်ကန့်သတ် ဘောင်ခတ်ထားမှုကြောင့် တွေ့ဆုံဆွေးနွေးမှု မပြုလုပ်နိုင်ခဲ့ပေ။

၂၀၀၇ ခုနှစ်၊ မတ်လ (၁၅-၁၆) ရက်နေ့များတွင် ချင်းအမျိုးသားတပ်ဦးကိုယ်စားလှယ်များနှင့် စစ်အစိုးရကိုယ်စားလှယ်များ ချင်းပြည် နယ်၊ ရိဒ်စခန်းတွင် ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း သဘောတူညီချက် တစုံတရာ မရရှိနိုင်ခဲ့ကြပေ။ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့တွင် မြန်မာအစိုးရမှ ကြေညာချက် အမှတ် ၁/၂၀၁၁ ထုတ်ပြန်ကာ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် ပဏာမတွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန် ကမ်းလှမ်းမှု ပြုလုပ်လာသည်။ ထို့ကြောင့် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် မြန်မာ အစိုးရကိုယ်စားလှယ်နှင့် ချင်းအမျိုးသားတပ်ဦး ကိုယ်စားလှယ်များ ထိုင်း-မြန်မာနယ်စပ်တွင် အလွတ်သဘောဆွေးနွေးမှု ပြုလုပ်ခဲ့ ကြသည်။ ထိုမှတဆင့် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ၊ ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေး ရေးအဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး၊ ငြိမ်းချမ်ရေးဆွေးနွေးရေးအဖွဲ့တို့အကြား အချက် (၉) ချက်ပါ သဘောတူညီချက်ကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြသည်။ ၂၀၁၂ ခုနှစ်၊ မေလ (၇) ရက်နေ့တွင် ပထမအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့အကြား အချက် (၁၅) ချက်ပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ ကြသည်။ ချင်းအမျိုးသားတပ်ဦးအနေဖြင့် ပြည်သူများ၏ နေ့တဓူဝ ခံစားနေကြရသည့်အစား ဆင်းရဲခြင်း၊ အဝတ်ဆင်းရဲခြင်းနှင့် အနေဆင်းရဲခြင်းများကို အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးရန် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ မြန်မာနိုင်ငံ၏ အဓိကပြဿနာဖြစ်သည့် နိုင်ငံရေးပြသာနာများ ဖြေရှင်းနိုင်ရေးအတွက်ပြင်ဆင်မှုများလည်း ပြည်သူလုထုတရပ်လုံးနှင့်အတူ ပြုလုပ်လျက်ရှိပေသည်။

ထို့အပြင် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း စစ်မှန်သော ငြိမ်းချမ်းရေးရရှိနိုင်ရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၈) ဖွဲ့နှင့်အတူ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့ တွင် လက်မှတ်ရေးထိုးပြီး NCA လမ်းပြမြေပုံနှင့်အညီ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့်ကို အလေးထား ပါ၀င်ဆောင် ရွက်လျက် ရှိသည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် မွန်ပြည်သစ်ပါတီ နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ NCA တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။  NCA ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ (၁၀) ဖွဲ့ သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ဖွဲ့စည်းကာ  ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးအတွက်  မြန်မာနိုင်ငံအစိုးရနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်လျက်ရှိသည်။ ယခုအခါ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံညီလာခံကို (၃) ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး အချက်ပေါင်း (၅၁) ချက်ပါသော ပြည်ထောင်စုသဘောတူစာချုပ်ကို ချုပ်ဆိုနိုင် ခဲ့သည်။ ချင်းအမျိုးသားတပ်ဦး၏ ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်နှင့် ပတ်သက်၍  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံအစည်းအဝေး အစုအဖွဲ့အသီးသီးတွင် ပါဝင်သော ချင်းအမျိုးသားများအနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ တဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံအစည်းအဝေးများသို့ တင်သွင်းမည့် အဆိုပြုလွှာများနှင့် ပတ်သက်၍ ချင်း အမျိုးသားတို့၏ ဦးဆောင်မှုဖြင့် လုပ်ဆောင်သွားရန်ဖြစ်သည်။ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်တွင် ချင်းအမျိုးသားတပ်ဦး၏ မူဝါဒ ပေါ်တွင် ခိုင်မာစွာ ရပ်တည်ပြီး ညှိနှိုင်းသွားမည် ဖြစ်သည်။

၇။ တရားစီရင်ရေးအဖွဲ့

ချင်းအမျိုးသားတပ်ဦးသည် ချင်းအမျိုးသားတော်လှန်ရေး အဆင်ပြေချောမွေ့စေရေး၊ အဖွဲ့အစည်းအတွင်း တရားဥပဒေစိုးမိုးစေရေး နှင့် လွတ်လပ်စွာ တရားစီရင်နိုင်ရေးအတွက် သီးခြားလွတ်လပ်သော တရားစီရင်ရေးအဖွဲ့ကို ၁၉၉၃ ခုနှစ်၊ ဇွန်လ၌ ဖွဲ့စည်းခဲ့သည်။ ထို့အပြင် စစ်အာဏာရှင်အောက်၌ နိုင်ထက်စီးနင်း တရားစီရင်ရေးစနစ်ကြောင့်လည်းကောင််း၊ အဂတိလိုက်စားမှုနှင့် ပြည့်နှက်ပြီး ငွေများတရားနိုင် တရားစီရင်ရေးစနစ်ကြောင့် လည်းကောင်း၊ ချင်းပြည်သူလူထုများ တရားစီရင်ရေးတွင် အတိဒုက္ခ ရောက်ကြရသည်။ ယင်းကြမ္မာဆိုးမှ လွတ်မြောက်နိုင်ရန်နှင့်  ပြည်သူ့တရား ပြည်သူက စီရင်နိုင်ရန် တရားစီရင်ရေးအဖွဲ့က ကြိုးပမ်းဆောင်ရွက်လျက်ရှိ သည်။ တရားစီရင်ရာတွင် ချင်းအမျိုးသားတပ်ဦး ဗဟိုတရားသူကြီးအဖွဲ့က အပြစ်ရှိသူသာ ပြစ်ဒဏ်ခံစေ၊ ကြီးသောအမှုငယ်စေ၊ ငယ်သောအမှု ပပျောက်စေ၊  ပြစ်ဒဏ်ပေးရာတွင် လူ့ဂုဏ်သိက္ခာကျဆင်းစေသော ပြစ်ဒဏ်မျိုး မပေးရေး၊ နောက်ကြောင်းပြန် အမှုဖွင့် တရားစွဲ စီရင်ခြင်းမပြုရေး၊ ဘက်လိုက်မှုမရှိဘဲ အမှန်တရားဖော်ထုတ်ရေး၊ တရားစီရင်ရာတွင် လူတိုင်းအတွက် ဥပဒေသည် အမြင့်ဆုံး ဖြစ်ရေး၊ တရားစီရင်ရာတွင် တရားမျှတမှု၊ အမှန်တရားဖော်ထုတ်မှု၊ ဥပဒေစိုးမိုးမှုကို အဓိကမဏ္ဍိုင်ထားရှိရေးဟူသော မူများ ထားရှိ ဆောင်ရွက်လျက်ရှိသည်။

၈။ ချင်းအမျိုးသားတပ်မတော်

ချင်းအမျိုးသားတပ်ဦးအနေဖြင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ထားသည်နှင့်အညီ တော်လှန်ရေး စတင်သည်နှင့် တပြိုင်တည်း ချင်းအမျိုးသားတပ်မတော်ကိုလည်း အောက်ပါရည်ရွယ်ချက်များဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့သည်။

(က) ချင်းအမျိုးသားများ၏ ပိုင်နက်နယ်မြေနှင့် အမျိုးသားရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်ရန်။

(ခ) ချင်းပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်။

(ဂ) အမျိုးသားတပ်မတော်၏ ဂုဏ်အင်္ဂါရပ်များနှင့် ပြည့်စုံသည့် တပ်မတော် တည်ဆောက်ရန်။

(ဃ) ချင်းအမျိုးသားတပ်ဦး၏ မူဝါဒလမ်းစဉ်များကို အကောင်အထည်ဖော် ကာကွယ်စောင့်ရှောက်ရန်။

ချင်းအမျိုးသားတပ်မတော်သည် ချင်းအမျိုးသားတပ်ဦး၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သော ချင်းအမျိုးသားများ၏ မူလ အမျိုးသားရပိုင် ခွင့်ဖြစ်သည့် ကိုယ်ပိုင်ပြဌါန်းခွင့် ပြန်လည်ရရှိရေးနှင့် ဒီမိုကရေစီအားဆန့်ကျင်တားဆီးသည့် မည်သည့် အင်အားစုကိုမဆို တိုက်ထုတ် တွန်းလှန်သွားမည်ဖြစ်သည်။ ၎င်းအပြင် တပ်ဦး၏ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေး တာဝန်ကိုလည်း ဆောင်ရွက်လျက် ရှိသည်။ ချင်းအမျိုးသားတပ်မတော်သည် တရားသောစစ်ကို ဆင်နွှဲရာတွင် ချင်းအမျိုးသားတပ်မတော်၏ စစ်ဥပဒေအပြင် စစ်ဖက် ဆိုင်ရာ ဂျီနီဗာသဘောတူညီချက်ကို အခြေခံသော ချင်းအမျိုးသားတပ်ဦး၏ စစ်ဖက်ဆိုင်ရာလမ်းညွှန်ဥပဒေကိုပါ စွဲမြဲစွာ လိုက်နာ ကျင့်သုံးနေပေသည်။ ချင်းအမျိုးသားတပ်မတော်သည် တပ်ဦး၏ ဦးဆောင်မှုကို ခံယူလိုက်နာသည့် အမျိုးသားတပ်မတော် ဖြစ်သည်နှင့် အညီ တပ်ဦး၏ မူဝါဒလမ်းစဉ်မှ သွေဖယ်ခြင်းမရှိဘဲ မှန်ကန်တိကျစွာ အမျိုးသားခုခံရေးစစ်ပွဲ၊ တရားသောစစ်ပွဲကို ဆင်နွှဲနေပေသည်။ တပ်ဦး၏ လမ်းစဉ်သည် ပြည်သူ့တော်လှန်ရေးကို အခြေခံသော လမ်းစဉ်ဖြစ်သည်နှင့်အညီ ချင်းအမျိုးသားတပ်မတော်သည် ပြည်သူ ကြားမှ ပေါက်ဖွားလာပြီး ပြည်သူ့အကျိုးစီးပွား ထမ်းရွက်နေသည့် ပြည်သူ့တပ်မတော် ဖြစ်သည်။ ချင်းအမျိုးသားတပ်မတော်သည် လူတန်းစားတရပ်၊ ဒေသအစိတ်အပိုင်းတခု၊ အယူဝါဒတမျိုးတည်းကိုသာ ကိုယ်စားပြုသည့် တပ်မတော်မဟုတ်ဘဲ သမိုင်းပေးတာဝန် နှင့် အမျိုးသားရေးတာဝန်ကို ထမ်းရွက်နေသည့်တပ်မတော် ဖြစ်သည်။

စစ်ရေးမဟာမိတ်များ (Military Alliances)

ချင်းအမျိုးသားတပ်ဦးသည် ၁၉၈၉ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၉) ဖွဲ့ဖြင့် ပါဝင် ဖွဲ့စည်းထား သော အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး ၁၉၉၉  ခုနှစ်၊ မတ်လ (၉) ရက်နေ့တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ ကရင်နီအမျိုးသားတပ်မတော်၊ ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော်၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တို့နှင့်အတူ စစ်ရေးမဟာမိတ်ဖွဲ့ခဲ့သည်။  ယင်း အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု၊ စစ်ရေးမဟာမိတ်အဖွဲ့တို့နှင့်အတူ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) စတင်ဖွဲ့စည်းခဲ့သည်အထိ လက်တွဲတိုက်ပွဲဝင်ခဲ့သည်။

၂၀၁၀ ခုနှစ်တွင် ချင်းအမျိုးသားတပ်ဦးသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၁၁) ဖွဲ့ နှင့်အတူ နိုင်ငံရေးတပ် ပေါင်းစုဖြစ်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် (FUA) ကို စတင်တည်ထောင်ခဲ့သည့် အဖွဲ့အစည်းအနေဖြင့် ပါဝင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ အစိုးရနှင့် အပစ်အခတ်ရပ်စဲပြီးသည့်နောက် FUA တွင် ပါဝင်မှုအား ယာယီရပ်ဆိုင်းထားပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၁၀) ဖွဲ့နှင့်အတူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တွင် တက်တက်ကြွကြွ ပါဝင်လျက်ရှိသည်။

၉။  ချင်းအမျိုးသားတပ်ဦးနှင့် ၄င်း၏ ပါတီညီလာခံ

(က) ညီလာခံကျင်းပခြင်း

ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ချင်းအမျိုးသားများ၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့် ပြန်လည်ရရှိ ရေးတို့အတွက် တိုက်ပွဲဝင်နေသော ချင်းအမျိုးသားတပ်ဦးသည် တိုးတက်ပြောင်းလဲနေသော ကမ္ဘာ့နိုင်ငံရေးနှင့် မြန်မာ့နိုင်ငံရေး အခြေအနေများနှင့် သဟဇာတရှိရှိ အကောင်အထည်ဖော် လှုပ်ရှားသွားနိုင်ရန် တပ်ဦး၏ မူဝါဒများ၊ ဦးတည်ချက်များ ရှင်းလင်း ပြတ်သားစွာ ချမှတ်ရန် အထူးလိုအပ်ပေသည်။ ဤသို့ဖြင့် တပ်ဦး၏ ပထမအကြိမ် ပါတီညီလာခံကို ၁၉၉၃ ခုနှစ်၌လည်းကောင်း၊ ဒုတိယအကြိမ် ပါတီညီလာခံကို ၁၉၉၇ ခုနှစ်၌ လည်းကောင်း၊ တတိယအကြိမ် ပါတီညီလာခံကို ၂ဝဝ၃ ခုနှစ်၌ လည်းကောင်း၊ စထုတ္ထအကြိမ် ပါတီညီလာခံကို ၂ဝဝ၈ ခုနှစ်၌ လည်းကောင်း၊ ၂၀၁၁ ခုနှစ်၌ အရေးပေါ်ပါတီညီလာခံကို လည်းကောင်း၊ ၂၀၁၆ ခုနှစ် တွင် ဆဋ္ဌမအကြိမ် ပါတီညီလာခံကိုလည်းကောင်း၊ ၂၀၂၀ ခုနှစ်တွင် သတ္တမအကြိမ် ပါတီညီလာခံကိုလည်းကောင်း အသီးသီး ကျင်းပ ခဲ့သည်။

(ခ) ညီလာခံနှင့် အပြောင်းအလဲ

ချင်းအမျိုးသားတပ်ဦးသည် ၁၉၉၃ ခုနှစ် ပထမအကြိမ် ပါတီညီလာခံသက်တမ်း၊ ၁၉၉၇ ခုနှစ် ဒုတိယအကြိမ် ပါတီညီလာခံသက်တမ်း၊ ၂၀၀၃ ခုနှစ် တတိယအကြိမ် ပါတီညီလာခံသက်တမ်းနှင့် ၂၀၀၈ ခုနှစ် စတုတ္ထအကြိမ် ပါတီညီလာခံသက်တမ်းတလျှောက် တပ်ဦး၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ပါတီတည်ဆောက်ရေး နည်းဥပဒေအရ ချင်းအမျိုးသားတပ်ဦး ပါတီဝင်များကိုသာ အခြေခံပြီး ပါတီ တည်ဆောက်ရေးလုပ်ငန်း၊ စည်းရုံးရေးလုပ်ငန်းများကို တာဝန်ပေး ခန့်အပ်ခဲ့သည်။ သို့သော် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ၌ ကျင်းပသော အရေးပေါ်ပါတီညီလာခံ ကျင်းပအပြီးတွင်မူ တပ်ဦးပါတီဝင်များသာမက တပ်ဦး၏ ရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ပြန်လည်ရရှိရေးနှင့် ဒီမိုကရေစီရရှိရေးတို့ကို လက်ခံပြီး အကောင်အထည်ဖော်လိုသော ချင်းအမျိုးသားတိုင်းကို ပါ၀င်လာစေကာ ပါတီတည်ဆောက်ရေးနှင့် ချင်းအမျိုးသားစည်းလုံးညီညွတ်ရေး အစရှိသဖြင့် ပါတီလုပ်ငန်း များကို ပါ၀င် အကောင်အထည်ဖော်ဆောင်လာခဲ့ကြသည်။ ၂၀၂၀ ခုနှစ် မတ်လတွင် ကျင်းပသည့် သတ္တမအကြိမ် ပါတီညီလာခံတွင် တပ်ဦး၏ ရည်မှန်းချက်ပန်းတိုင်အား အပြောင်းအလဲပြုလုပ်ခဲ့သည်။ ပါတီရည်မှန်းချက်ပန်းတိုင်အဖြစ် (က) ချင်းအမျိုးသားတို့၏ ကိုယ်ပိုင်ပြဌါန်းခွင့် (Self-determination) ပြန်လည်ရရှိရန်၊ (ခ) ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် တိုယ်ပိုင်ပြဌါန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိပြီး နိုင်ငံရေးအရ တန်းတူညီမျှမှုရှိသော အမျိုးသားပြည်နယ်များနှင့် ပထဝီအခြေခံပြည်နယ်များဖြင့် စုဖွဲ့ ထားသည့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန်၊ (ဂ) ဒီမိုကရေစီစနစ် တည်ဆောက်ရန် ဟူ၍ ချမှတ်ခဲ့သည်။

(ဂ) ဒေသကော်မတီများ (Regional Committee) ဖွဲ့စည်းခြင်း

ချင်းအမျိုးသားတပ်ဦး၏ ဒေသပါတီကော်မတီကို နိုင်ငံတကာနှင့် ပြည်တွင်းဟူ၍ (၂) မျိုးခွဲခြားထားပြီး ပါတီ၏ ပြည်သူ့ဆက်ဆံရေး နှင့် စည်းရုံးရေးဌာနအောက်တွင် လည်ပတ်စေခဲ့သည်။  ပြည်ပ ဒေသပါတီကော်မတီသည် နိုင်ငံပေါင်း (၁၅) နိုင်ငံတွင် လည်ပတ်လျက် ရှိသည်။ ယင်းနိုင်ငံများမှာ (1) USA, (2) Australia, (3) Norway, (4) Denmark, (5) Canada, (6) New Zealand, (7) Sweden, (8) Germany, (9) Netherlands, (10) Singapore, (11) Japan, (12) UK, (13) Malaysia, (14) South Korea, (15) New Delhi တို့ဖြစ်သည်။ ယင်းဒေသပါတီကော်မတီ၏ လှုပ်ရှားဆောင်ရွက်မှု  လွယ်ကူစေရန်အတွက် ပြည်ပတွင် Chinland Club ဖွဲ့စည်းစေကာ အလှုငွေများ ထည့်ဝင်ခြင်းဖြင့် အမျိုးသားလှုပ်ရှားမှုတွင် ပါဝင်လျက်ရှိကြသည်။ ပြည်တွင်းတွင်လည်း ချင်းပြည် နယ်နှင့်  ချင်းပြည်နယ်ပြင်ပ (၁၅) နေရာတွင်  ပြည်တွင်းဒေသပါတီကော်မတီကို ဖွဲ့စည်းပြီး ကျရာအခန်းကဏ္ဍမှ အမျိုးသားရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြသည်။

(ဃ) မဟာမိတ်ရေးရာ

(၁) အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (National Democratic Front- NDF)

တန်းတူရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ပြန်လည်ရရှိရေးကို အခြေခံ၍ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော တိုင်းရင်းသားလူမျိုးများ နှင့်ကိုက်ညီသည့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၇၆ ခုနှစ်တွင် ဗမာမပါ၀င်သည့် တိုင်းရင်းသား ပေါင်းစုံမှ  အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုကို ဖွဲ့စည်းခဲ့သည်။ ချင်းအမျိုးသားတပ်ဦးသည် “တပ်ပေါင်းစုဖြင့် အောင်ပွဲခံရမည်“ ဟု မူဝါဒထားရှိသည်နှင့်အညီ တပ်ပေါင်းစုအဖွဲ့ဝင် ဖြစ်လာခဲ့ပြီး တပ်ပေါင်းစု၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ အကောင်အထည် ဖော်နိုင်ရန်အတွက် ပါဝင်တိုက်ပွဲဝင်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု ပေါ်ထွက်လာပြီးနောက် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုအား ယာယီရပ်ဆိုင်းထားသည်။

(၂) မြန်မာပြည် ဒီမိုကရေတစ်မဟာမိတ်အဖွဲ့ချုပ် (Democratic Alliance of Burma-DAB)

အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဟူသော ရည်ရွယ်ချက်ဖြင့် မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (DAB) ကို ချင်းအမျိုးသားတပ်ဦး အပါအဝင် တိုင်းရင်းသား အင်အားစုများ၊ ဒီမိုကရေစီအင်အားစုများဖြင့် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်သည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ရဟန်း၊ လူငယ်စသည့် အဖွဲ့အစည်ပေါင်း (၂၂) ဖွဲ့ဖြင့် စုပေါင်း၍ စစ်အာဏာရှင် ဖြုတ်ချနိုင်ရေးအတွက် ဖွဲ့စည်းခဲ့သော တပ်ပေါင်းစုဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရ သောအစိုးရ တက်လာပြီးနောက်ပိုင်းနှင့် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့သစ် ပေါ်ထွက်လာပြီးနောက်ပိုင်းတွင်   တဖြည်း ဖြည်း မှေးမှိန်လာကာ ပျောက်ကွယ်သွားပြီး ဖြစ်သည်။

(၃) ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (National Council of Union of Burma-NCUB)

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ) သည် ၎င်းတို့ ဦးစီးကျင်းပသော ၁၉၉ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရပါတီများအား အာဏာလွှဲပြောင်းခြင်း မပြုသည့်အပြင် ဖိအားပေး နှိမ်နင်းခဲ့သဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အချို့တို့ သည် လွတ်မြောက်နယ်မြေသို့ ထွက်ပြေးရောက်ရှိလာခဲ့ကြပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားညွန့်ပေါင်းအစိုးရ (NCUB) ကို ၁၉၉ဝ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်တချို့သည်လည်း စစ်အစိုးရ၏ ဖိအားပေး နှိမ်နင်းခြင်း ခံခဲ့ကြရသဖြင့် လွတ်မြောက်နယ်မြေသို့ ထွက်ပြေး ရောက်ရှိလာခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) ကို ဖွဲ့စည်းခဲ့ကြသည်။ ၁၉၉၂ ခုနှစ် တွင် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု၊ မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားညွန့်ပေါင်းအစိုးရ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) တို့ စုပေါင်း၍ စစ်အာဏာရှင်တိုက်ဖျက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရည်ရွယ်၍ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီကို ဖွဲ့စည်းခဲ့သည်။ ချင်းအမျိုးသားတပ်ဦးသည် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစုနှင့်  မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်တို့၏ အဖွဲ့ဝင်အနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီတွင် ပူးပေါင်းပါဝင် တိုက်ပွဲဝင်လျက်ရှိသည်။ ၁၉၉၆ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ဝင် ပြည်သူ့ကိုယ်စားလှယ် အမတ်များနှင့် လွတ်မြောက်နယ်မြေသို့ ထပ်မံရောက်ရှိလာကြသော ပြည်သူ့ကိုယ်စားလှယ်အမတ်များ ပူးပေါင်း၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့များကို  ဖွဲ့စည်းခဲ့သဖြင့် ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီကို အမျိုးသားဒီမိုကရက်တစ် တပ်ပေါင်းစု၊ မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)နှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ဖြင့် ဖွဲ့စည်းသည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါဝင် အရွေးချယ်ခံမှုပြုလုပ်ပြီးသည့်နောက်ပိုင်း NCUB တပ်ပေါင်းစုသည်လည်း တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားခဲ့သည်။

(၅) တိုင်းရင်းသားလူမျိုးများ ကောင်စီ (Ethnic Nationalities Council-ENC)

မြန်မာပြည်၏ နိုင်ငံရေးတောင်းဆိုမှုအရ မိမိတို့ တိုင်းရင်းသားလူမျိုးများ၏ စုစည်းညီညွတ်သောအသံ (One Ethnic Voice) သို့ ဦးတည်နိုင်စေရန် အခြေခံစုဖွဲ့မှုဖြစ်သော တိုင်းရင်းသားလူမျိုးများကောင်စီကို အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု၊ ၁၉၉ဝ ခုနှစ် အထွေ ထွေရွေးကောက်ပွဲတွင် အနိုင်ရတိုင်းရင်းသားနိုင်ငံရေးပါတီများ ပါဝင်သော  ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) UNLD/LA၊ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစုတွင် သော်လည်းကောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်တွင် သော်လည်းကောင်း မပါဝင်သည့်   တိုင်းရင်းသားနိုင်ငံရေးပါတီ/ အဖွဲ့အစည်းတဖွဲ့ချင်းစီကို အခြေခံ၍ ၂ဝဝ၄ ခုနှစ် ဇန္နဝါရီလတွင် ပြုလုပ်ခဲ့သော တိုင်းရင်းသားနှီးနှောဖလှယ်ပွဲ ဆုံးဖြတ်ချက်ကို ၎င်းနှစ် မတ်လတွင် အကောင်အထည်ဖော် ဖွဲ့စည်းခဲ့ သည်။ ၂ဝဝ၅ ခုနှစ်၊ ဧပြီလ (၂၈) မှ မေလ (၁) ရက်နေ့အထိ ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက် တိုင်းရင်းသားနှီးနှောဖလှယ်ပွဲတွင် ပြည်နယ်ကို အခြေခံ၍ တိုင်းရင်းသားလူမျိုးများကောင်စီကို ဖွဲ့စည်းရန် ဆုံးဖြတ်ချက်ချမှတ်ပြီး ပြည်နယ်ကိုအခြေခံ၍ တိုင်းရင်းသား လူမျိုးများကောင်စီ ENC ကို ဖွဲ့စည်းထားသည်။ ချင်းပြည်နယ်မှ ကိုယ်စားလှယ် (၅) ဦး စေလွှတ်ပြီး တိုင်းရင်းသားလူမျိုးများကောင်စီ ၏ မူဝါဒလုပ်ငန်းစဉ်များကို စွမ်းစွမ်းတမံ အကောင်အထည်ဖော်  ဆောင်ရွက်ခဲ့သည်။ ဤလှုပ်ရှားမှုတွင် ချင်းအမျိုးသားတပ်ဦးသည် လည်း အဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှားခဲ့သည်။ ၂၀၁၀ ခုနှစ်နောက်ပိုင်း UNFC တပ်ပေါင်းစု ပေါ်ပေါက်လာပြီးသည့်နောက်တွင် ENC အား ယာယီဆိုင်းငံ့ထားခဲ့ပြီး ယနေ့အချိန်အထိ လှုပ်ရှားမှု မပြုလုပ်တော့ပေ။

(၆) ချင်းအမျိုးသားကောင်စီ (Chin National Council- CNC)

အမျိုးသားရေးအတွက် တော်လှန်တိုက်ပွဲဝင်နေကြသော ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ)၊ မရာ ပြည်သူ့ပါတီ (လွတ်မြောက်နယ်မြေ)၊  ဇိုမီးအမျိုးသားကွန်ကရက် (လွတ်မြောက်နယ်မြေ) များနှင့် လူထုအခြေပြုအဖွဲ့စည်း (၁၉) ဖွဲ့မှ ကိုယ်စားလှယ်များသည် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် ချင်းတမျိုးသားလုံး သွေးစည်းညီညွတ် ရေးအပါအဝင် နိုင်ငံရေးအရ တူညီသော ဘုံရည်မှန်းချက်နှင့် မဟာဗျူဟာအပေါ် စုစည်းနိုင်ရေးအတွက် ၂ဝဝ၄ ခုနှစ်အတွင်း ဝိတိုရိယ စခန်းတွင် တွေ့ဆုံကာ ချင်းနှီးနှောဖလှယ်ပွဲ (Seminar on Chin Consensus Building) ကို အောင်မြင်စွာ ကျင်းပခဲ့သည်။ ယင်း ချင်းအမျိုးသားနှီးနှောဖလှယ်ပွဲမှ ဝိတိုရိယသဘောတူညီချက် (Victoria Agreement) တရပ်ကို သဘောတူ ချမှတ်နိုင်ခဲ့ကြသည်။ ယင်းနှီးနှောဖလှယ်ပွဲက ချင်းတမျိုးသားလုံး သွေးစည်းညီညွတ်ရေးနှင့် လတ်တလော နိုင်ငံရေးပြဿနာများ စုပေါင်း အဖြေရှာနိုင်ရေး အတွက် ချင်းလဲန်နိုင်ငံရေးရာကော်မတီ (Political Affairs Committee of Chinland- PACC) အား အမျိုးသားနိုင်ငံရေးပါတီ အဖွဲ့အစည်း (၄) ခုကို အဓိကမဏ္ဍိုင်ပြု၍ ဖွဲ့စည်းခဲ့သည်။ ၎င်း ဆီမီနာက  ချင်းအမျိုးသားနိုင်ငံရေးပါတီများနှင့် လူထုအခြေပြုအဖွဲ့ အစည်းများ အမျိုးသားရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ချင်းတမျိုးသားလုံး သွေးစည်းညီညွတ်ရေးကို စဉ်ဆက်မပြတ် ဆောင် ရွက်နိုင်ရေးအတွက် ချင်းအမျိုးသားညီလာခံ Chin National Assembly အား (၂) နှစ်တကြိမ် ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ ယင်း ဆုံးဖြတ်ချက်အတိုင်း ပထမအကြိမ် ချင်းအမျိုးသားညီလာခံကို ၂ဝဝ၆ ခုနှစ်၊ မေလအတွင်း Mount Sainai (ဆိုင်းနိုင်း) စခန်းတွင် ကျင်းပပြီး PACC ကို ချင်းအမျိုးသားကောင်စီသို့ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ချင်းအမျိုးသားရေးတည်ဆောက်မှု သမိုင်းတကွေ့တွင် အလွန်အရေးပါသည့် အောင်မြင်မှုတရပ်ဖြစ်သည်။  ထိုကောင်စီ၏ ရည်ရွယ်ချက်များမှာ စစ်အာဏာရှင် တိုက်ဖျက်ရေး၊ အမျိုးသား လွတ်မြောက်ရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ပြန်လည်ရရှိရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ချင်းအမျိုး သားများ၏ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချင်းအမျိုးသားအားလုံး  သွေးစည်းညီညွတ်ရေး အကောင်အထည် ဖော်ဆောင်ရွက်ရေးတို့ဖြစ်သည်။  ချင်းအမျိုးသားကောင်စီသည် ဒီမိုကရေစီထွန်းကားရေးဆိုင်ရာနှင့် ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးဆိုင်ရာ ပညာပေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင်  ပြည်တွင်းနိုင်ငံရေးအခြေအနေများ ကြောင့် ယာယီဆိုင်းငံ့ထားသည်။

ဝိတိုရိယသဘောတူညီချက် (Victoria Agreement)

၂၀၁၄ ခုနှစ်၊   ဧပြီလ (၇) ရက်နေ့မှ (၁၀) ရက်နေ့အထိ Camp Victoria တွင် ပြုလုပ်သော The Seminar On Chin Concensus Building သို့ တက်ရောက်လာကြသည့် ကျန်ုပ်တို့သည် အောက်ပါအချက်များကို သဘောတူ ဆုံးဖြတ်သည်။

၁။ ကျွန်ုပ်တို့ ချင်းအမျိုးသားများသည် တအူတုံဆင်းညီရင်းအစ်ကို မောင်နှမများဖြစ်ကြပြီး ပြည်ထောင်စုမြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် မှီတင်းနေထိုင်ကြသော ဌာနေတိုင်းရင်းသားများဖြစ်ကြသည်။

၂။ ကျွန်ုပ်တို့ ချင်းလူမျိုးများသည် ၁၈၉၆ ခုနှစ်၊ ဗြိတိသျှကိုလိုနီလက်အောက် မကျရောက်မှီ သီးခြားလွတ်လပ်စွာ   နေထိုင်ခဲ့ကြသော လူမျိုးတမျိုးဖြစ်သည်။

၃။ ကျွန်ုပ်တို့ ချင်းအမျိုးသားများသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ပင်လုံစာချုပ် ချုပ်ဆိုခြင်းအားဖြင့် တန်းတူရေးနှင့် အမျိုးသား ကိုယ်ပိုင်ပြဌါန်းခွင့်အပေါ်အခြေခံ၍ အခြား တိုင်းရင်းသားလူမျိုးများနှင့် စုပေါင်း တည်ထောင်ခဲ့ကြသည်။

၄။ ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရရှိခဲ့သော်လည်း ကျဉ်းမြောင်းသော ဗမာအမျိုးသားစစ်ဝါဒီအစိုးရ နှင့် စစ်အာဏာရှင်အဆက်ဆက်အောက်တွင် ဖိနှိပ်ချုပ်ချယ်မှု၊ လူ့အခွင့်အရေးဆုံးရှုံးမှု၊ နှိပ်စက်ညှင်းပန်းမှုများကို ခါးစည်းခံနေကြရ သည်။

၅။ အထက်ပါ လူမှုအနိဌာန်ရုံများမှ လွတ်မြောက်၍ လွတ်လပ်ပြီး လူ့အခွင့်အရေး အပြည့်အဝရရှိရန်နှင့် တန်းတူညီမျှသော ချင်းလူ့ ဘောင်သစ်တည်ဆောက်ရန်အတွက်-

– စစ်အာဏာရှင်ကျဆုံးရေး၊

– အမျိုးသားလွတ်မြောက်ရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တည်းပိုင်ခွင့် ပြန်လည်ရရှိရေး၊

– စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး

– ချင်းအမျိုးသားများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချင်းအမျိုးသားအားလုံး သွေးစည်းညီညွတ်ရေးတို့ကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားကြမည်ဟု ကျွန်ုပ်တို့အဓိဌါန်ပြု ဆုံးဖြတ်ကြသည်။

(၇) ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (United Nationalities Federal Council- UNFC)

၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) မှ ကမကထပြု၍ ကချင်ပြည် လွတ်လပ်ရေး တပ်မတော်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် ချင်းအမျိုးသားတပ်မတော် တို့သည် ၎င်း ၂၀၁၀ ခုနှစ်၊ မေလ (၂၃) ရက် နေ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီတိုးတက်ရေးပါတီ (KNPP)၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ တွေ့ဆုံခဲ့ကြပြီး “တိုင်းရင်းသားလူမျိုးများသဘောတူညီချက်” တရပ် ကို သဘောတူ လက်မှတ်ထိုးနိုင်ခဲ့ကြသည်။ ထိုသဘောတူညီချက်တွင် (၁) ပင်လုံစိတ်ဓါတ် ပြန်လည်တည်ဆောက်ခြင်းဆိုင်ရာများ (၂) ပြည်ထောင်စုမြန်မာနိုင်ငံ ပြန်လည်တည်ထောင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် (၃) ဦးတည်ချက်များ ဟူ၍ အချက်(၃) ချက် ပါဝင်သည်။

ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကော်မတီကို ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့နှင့် နိုဝင်ဘာလ (၂-၄) ရက်နေ့များတွင် ပြုလုပ်သည့် KIO, KNU, NMSP, CNF, KNPP နှင့် SSPP အစည်းအဝေးများမှ တိုင်းရင်းသားလူမျိုးစုများ ညီညွတ်စွာဖြင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုအရေးကို အရှိန်အဟုန် တိုးမြှင့်ရေးအတွက် နိုင်ငံရေးအရ စုစည်းမှုပြုလုပ်ရန်နှင့် ခိုင်မာသော စစ်ရေးမဟာမိတ်တည်ဆောက်၍ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ် ရေးအတွက် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂-၁၆) ရက်နေ့များတွင် ကျင်းပခဲ့သည့် တိုင်းရင်းသားလူမျိုးများညီလာခံမှ ညီညွတ် သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို အဖွဲ့ဝင် (၁၂) ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ကြသည်။ UNFC တွင် ပါ၀င်ကြသည့် အဖွဲ့အစည်းအားလုံး လိုလိုသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်ကြပြီး အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) တွင် ပါ၀င်ခဲ့ကြသည့် အပစ်အခတ်ရပ်စဲရေးပြုလုပ်သည့်အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲခြင်း မပြုလုပ်သည့်အဖွဲ့များ ပါဝင်သည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ၏ ရည်ရွယ်ချက်များမှာ (၁) စစ်မှန်သော တိုင်းရင်းသားစည်းလုံးညီညွတ်မှု ကိုတည်ဆောက်ရန်၊ (၂) အဓွန့်ရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ရန်၊ (၃) စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရန်၊ (၄) တိုင်းရင်းသားလူမျိုးများအားလုံး ထာဝစဉ် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ ပူးပေါင်းနေထိုင်သွားနိုင်ရန်အတွက် တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူမှုရှိသော ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန်တို့ဖြစ်သည်။ UNFC ၏ ဦးတည်ချက်အဖြစ် “အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး” ကို ချမှတ်ခဲ့သည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီတွင် ပါဝင်သည့် အဖွဲ့ဝင်အများစုသည် ၂၀၁၁ ခုနှစ် သြဂုတ်လ (၁၈) ရက် နေ့တွင် သမ္မတဦးသိန်းစိန် ဦးဆောင်သော မြန်မာနိုင်ငံအစိုးရမှ ဖိတ်ခေါ်ကမ်းလှမ်းခဲ့သော အပစ်အခတ်ရပ်စဲ၍ နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရေးဖိတ်ကြားချက်အား လက်ခံခဲ့ကြသဖြင့် နှစ်ဖက်အပစ်အခတ်ရပ်စဲရေးစာချုပ်များ (Bi-lateral Ceasefire Agreement) များ လက်မှတ်ရေးထိုးခဲ့ကြသည်။ တချို့သောအဖွဲ့အစည်းများသည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် (NCA) ကိုပါ လက်မှတ်ရေးထိုးခဲ့ကြခြင်းကြောင့် UNFC ညီလာခံမှ ယာယီရပ်ဆိုင်းမှုပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

(၈) NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေဒအဖွဲ့အစည်းများ (NCA-S EAO)

၂၀၁၅  ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့၊ နေပြည်တော်တွင် ကျင်းပြုလုပ်သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် Nationwide Ceasefire Agreement (NCA) လက်မှတ်ရေးထိုးပွဲတွင် ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စု လွှတ်တော်၊ တပ်မတော်အကြီးအကဲများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ နိုင်ငံတကာသက်သေများနှင့် အတူတကွ ပါဝင်လက်မှတ် ရေးထိုးကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် ချင်းအမျိုးသားတပ်ဦးသည် NCA ပါသဘောတူချက်များ အား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန်နှင့် တရားမျှတသော ငြိမ်းချမ်းရေးရရှိရန်အတွက်ဖွဲ့စည်းခဲ့သော  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)  တွင် အဖွဲ့ဝင်အဖွဲ့ အစည်းတရပ်အနေဖြင့် ပါဝင်ခဲ့သည်။ NCA လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသည့် (၁) ကရင်အမျိုးသားအစည်းအရုံး (KNU)၊ (၂) ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)၊ (၃) ချင်းအမျီုးသားတပ်ဦး (CNF)၊ (၄) ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ (၅) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ (၆) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ (၇) ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့၏ အမြင့်ဆုံးအာဏာပိုင်နှင့် ဆုံးဖြတ်ချက်ချနိုင်သည့် နေရာသည် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေး (NCA-S EAO Plenary Meeting) ဖြစ်ပြီး မူဝါဒပိုင်းဆိုင်ရာနှင့် မဟာဗျူဟာပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ချနိုင် သည့် အမြင့်ဆုံးအာဏာပိုင်အဖွဲ့သည်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team- PPST) ဖြစ် သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်  အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်အား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အလုပ်အဖွဲ့ (Peace Process Working Team-PPWT) မှ အကောင်အထည်ဖော်လျက်ရှိရာ ချင်းအမျိုးသားတပ်ဦးအနေဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်လျက်ရှိ သည်။

NCA စာချုပ်အရဖွဲ့စည်းထားသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အကောင်အထည်ဖော်ဆောင်မှု ညှိနှိုင်းအစည်းအဝေး (Joint Implementation Coordination Meeting-JICM)၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (Union Peace Dialogue Joint Committee-UPDJC) နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Ceasefire Monitoring Committee-JMC) တို့တွင် ချင်းအမျိုးသားတပ်ဦး  အနေဖြင့် တက်တက်ကြွကြွ ပါဝင်လျက်ရှိသည်။

(၉ ) Geneva Call 

Geneva Call သည် ချင်းအမျိုးသားတပ်ဦးအား ၁၉၄၉ ခုနှစ် ဂျီနီဗာသဘောတူညီချက်နှင့် အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့်အညီ တတ်နိုင်တမျှ လှုပ်ရှားနေသောအဖွဲ့အဖြစ် အသိအမှတ်ပြုကာ လူသတ်မိုင်းပပျောက်ရေး သဘောတူညီချက်ကို ဆွီဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ Geneva Call နှင့် ချင်းအမျိုးသားတပ်ဦးတို့အကြား  ၂ဝဝ၆ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့တွင် လက်မှတ်ရေးထိုးကြသည်။

ချင်းအမျိုးသားတပ်ဦးမှ ၎င်းသဘောတူညီချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် မြေမြှပ်မိုင်း တိုက်ဖျက်ရေး နှင့် ကလေးစစ်သားနှင့် လက်နက်ကိုင်ပဋိပက္ခတွင် လိင်ပိုင်းဆိုင်ရာခွဲခြားဆက်ဆံမှုနှင့် ကျား/မ ခွဲခြားဆက်ဆံခြင်းကို ဂျီနီဗာ တောင်းဆိုမှု (Geneval Call) ပြဋ္ဌာန်းချက်ကို ၂၀၁၄ ခုနှစ်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

နိဂုံး

ပြည်ထောင်စု မြန်မာနိုင်ငံ၏ အရင်းခံပြဿနာမှာ ဒီမိုကရေစီဆိတ်သုဉ်းမှုနှင့် ဗမာမဟုတ်သော အခြားတိုင်းရင်းသားတို့၏ အမျိုးသားရ ပိုင်ခွင့် အခွင့်အရေးဆုံးရှုံးမှုတို့ ဖြစ်သည်။ ဤပြဿနာ နှစ်ရပ်ကြောင့် ယနေ့အထိ ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေရခြင်း ဖြစ် သည်။ သို့ဖြစ်၍ တိုင်းရင်းသားအရေးနှင့် ဒီမိုကရေစီအရေးပြဿနာနှစ်ရပ်ကို တပြိုင်တည်း ဖြေရှင်းရမည်ဖြစ်သည်။ ဤအရင်းခံ ပြဿနာနှစ်ရပ်သည် နိုင်ငံရေးပြဿနာဖြစ်သဖြင့် နိုင်ငံရေးနည်းဖြင့် အဖြေရှာ ဖြေရှင်းမှသာ ယနေ့ ရင်ဆိုင်နေရသည့် ပြည်တွင်းစစ် လည်း ချုပ်ငြိမ်းပြီး စစ်မှန်သော ငြိမ်းချမ်းရေးနှင့် အမျိုးသားအချင်းချင်းအကြား သင့်မြတ်ရေးကို တည်ဆောက်နိုင်မည် ဖြစ်ပေသည်။

သတင်းနှင့်ပြန်ကြားရေးဌာန၊ ချင်းအမျိုးသားတပ်ဦး

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ

- Advertisement -